Tuesday, July 29, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံးချုပ်ဆိုရန် တရုတ်တိုက်တွန်း

Tuesday, July 29, 2014

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လျင်မြန်စွာ ချုပ်ဆိုရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ သံတမန် မစ္စတာ ဝမ်ယင်ဖန်း၏ လက်ထောက်အရာရှိ ဖြစ်သူ မစ္စတာ ထန်ယင်းက တိုက်တွန်းလိုက်သည်။


ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ လက်နက်ကိုင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာစဉ် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားများ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် ပါဝင်လေ့ရှိသူ တရုတ်နိုင်ငံ ကိုယ်စားလှယ် မစ္စတာ ဝမ်ယင်ဖန်း မအားလပ်သဖြင့် ၎င်းကိုယ်စား မစ္စတာ ထန်ယင်း တက်ရောက်ခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်ကတည်းက တည်ငြိမ်အေးချမ်းမှု ရှိရှိဖြင့် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့သဖြင့် ယနေ့အချိန်တွင် ဖွံ့ဖြိုးမှု အသီးအပွင့်များ ခံစားနေရကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်လည်း ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရာတွင် တည်ငြိမ်မှု မရှိက ဖွံ့ဖြိုးရေးဆိုင်ရာများ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
“မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုလားပါတယ်” ဟု မစ္စတာထန်ယင်းက ဆိုသည်။

တတိယနေ့အဖြစ် ဆက်လက်ကျင်းပသော လိုင်ဇာညီလာခံသို့ တရုတ်နိုင်ငံ ကိုယ်စားလှယ်အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့လည်း ပါဝင် တက်ရောက်လာပြီး မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျေနပ်အားရစရာ ကောင်းကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။

လိုင်ဇာညီလာခံသို့ မစ္စတာ နမ်ဘီးယားမှတစ်ဆင့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သဝဏ်လွှာ ပေးပို့ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးကို အဆက်မပြတ် စောင့်ကြည့်နေကြောင်း၊ လက်ရှိ အခြေအနေကို အသိအမှတ်ပြုကြောင်း ထည့်သွင်း ပြောဆိုထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ညီလာခံပြီးလျှင် ချုပ်ဆိုကြရန် တိုင်းရင်းသားအဖွဲ့ အများစုက မျှော်လင့်ထားသဖြင့် ယခုညီလာခံမှာ များစွာ အရေးပါကြောင်း၊ ဆက်လက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက်လည်း လိုင်ဇာညီလာခံ၏ ဆွေးနွေး ဆုံးဖြတ်ချက်များမှာ အရေးပါလာမည် ဖြစ်ကြောင်း မစ္စတာနမ်ဘီးယားက ဆိုသည်။

The Voice Weekly

No comments: