Wednesday, July 23, 2014

မန္တလေးတွင် အိပ်ခန်းပါ အပျော်စီးသင်္ဘောများ စတင်ပြေးဆွဲ

Wednesday, July 23, 2014



မန္တလေးမြို့တွင် ကမ္ဘာလှည့် ခရီးသည်များ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရရှိသော ရေယာဉ်နှင့် အိပ်ခန်းပါ အပျော်စီးသင်္ဘောများကို  ယခုလမှစတင်၍ မန္တလေး-မင်းကွန်း၊ မန္တလေး-ပုဂံနှင့် မန္တလေး-ကသာ-ဗန်းမော် ခရီးစဉ်တို့ကို ပြေးဆွဲလျက်ရှိကြောင်း River NMAI HKA Travels & Tours မှ မန်နေဂျာဦးနေဝင်းက မဇ္ဈိမကို ပြောသည်။

''အောက်တိုဘာလလောက်မှ ခရီးသွားရာသီစတင်မှာဖြစ်ပေမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ သွားလာရလွယ်ကူ အဆင်ပြေစေဖို့နဲ့ မုတ်သုံကာလမှာ အထက်မြန်မာပြည်မြို့တွေက မော်တော်ယာဉ်နဲ့ ခရီးသွားလာရ မလွယ်ကူတာ ကြောင့်ကျွန်တော်တို့ ရေယာဉ်အနေနဲ့ ယခုလကစပြီး ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရေယာဉ်က မန္တလေး-ပုဂံနဲ့၊ မန္တလေး-ကသာ- ဗန်းမော်တို့ကို ပြေးဆွဲတယ်။ အောက်တိုဘာလ ဧည့်သည်ဝင်ရောက်ချိန်များ လာတဲ့အခါမှသာ မန္တလေး-ပုဂံကို အဓိကထားပြေးဆွဲသွားမှာပါ။ အခုလက်ရှိမှာ သုံးထပ်သင်္ဘောသုံးစင်းနဲ့ ပြေးဆွဲနေတယ်။ နောက်ထပ်သုံးထပ် သင်္ဘောတစ်စင်းကိုလည်း ထပ်မံမှာ ယူထားတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားခရီးသွားတွေကို လိုအပ်ချက်မရှိအောင် ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုမျိုးနဲ့ ဆောင်ရွက်ပေးနေပါတယ်'' ဟု River NMAI HKA Travels & Tours မှ မန်နေဂျာဦးနေဝင်းက ပြောကြားသည်။


ကမ္ဘာလှည့်ခရီးသည်များ ပို့ဆောင်သောလိုင်စင်ရ မန္တလေး-မင်းကွန်းရေယာဉ် ၄၁ စီး၊ မန္တလေး-ပုဂံရေယာဉ် ငါးစီး၊ မန္တလေး-ကသာ-ဗန်းမော် ရေယာဉ်ခုနစ်စီးခန့်နှင့် အိပ်ခန်းပါအပျော်စီး သင်္ဘော ငါးစီးရှိပြီး မန္တလေး-ပုဂံခရီးစဉ်တွင် နိုင်ငံခြားခရီးသည်တစ်ဦးလျှင် အဆန် ၄၃ ဒေါ်လာ၊ အစုန် ၃၈ ဒေါ်လာ၊ ပြည်တွင်းခရီး သည်တစ်ဦးလျှင် အဆန် ငွေကျပ် ၁၅ဝဝဝ နှင့် အစုန် ငွေကျပ် ၁၂ဝဝဝ၊ မန္တလေး - ကသာ- ဗန်းမော်ခရီးစဉ်တွင် နိုင်ငံခြားခရီးသည်တစ်ဦးလျှင်အဆန်၊ အစုန်ဒေါ်လာ ၁ဝဝ နှင့် ပြည်တွင်းခရီးသည်တစ်ဦးလျှင်အဆန်၊ အစုန်ငွေကျပ် ၂ဝဝဝဝ၊ မန္တလေးမင်းကွန်းခရီးစဉ်မှာ နိုင်ငံခြားခရီးသည်၊ ပြည်တွင်းခရီးသည်တစ်ဦး လျှင် ငွေကျပ် ၅ဝဝဝ နှုန်းထားရှိသည်ဟုဆိုသည်။

မန္တလေးတိုင်းအတွင်းသို့ နိုင်ငံခြားသားဝင်ရောက်မှုမှာ ၂ဝ၁၂ ခုနှစ် တွင် ၁၆ဝ၉၇၅ ဦးရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ၂၁၉၅၁၈ ဦးရှိကာ ယခု၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၉၅၂၃၈ ဦး ရှိကြောင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ ဝင်ရောက်ချိန်သည် အောက်တိုဘာလဖြစ်သော် လည်း ယခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက မြန်မာနိုင်ငံရှိ သမိုင်းဝင် ကုသိုလ်တော်ဘုရားကျောက်စာနှင့် ရှေးဟောင်းသမိုင်းဝင် ပျူရှေးမြို့ဟောင်း များဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့်သရေခေတ္တရာမြို့ဟောင်းတို့အား ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့ရာ  မြန်မာနိုင်ငံ အပေါ် ပိုမိုစိတ်ဝင်စားလာသဖြင့် ဆောလျင်စွာ ဝင်ရောက်လျက်ရှိရာ ယခုနှစ် ခရီးသည်ဝင်ရောက်မှုမှာ ယခင်နှစ်များထက် ပိုမိုများပြား လာနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှာ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Mizzima

No comments: