Thursday, July 31, 2014

ဗီဇာအတုဖြင့် မလေးရှားသို့ အပို့ခံရသည့် မြန်မာ ၈၀ ကျော်ကို စီရင်ချက်ချမည်

Thursday, July 31, 2014

သံရုံးဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ လေကြောင်းနှင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၈၅ ဦးကို သြဂုတ်လ ၁၂ ရက်နေ့တွင် ကွာလာလမ်ပူမြို့ ပီဂျီတရားရုံး၌ အမိန့်ချမည် ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။


ရန်ကုန်မြို့တော် ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ စုမြတ်အမည်ရ ကုမ္ပဏီတစ်ခုသည် အဆိုပါ အလုပ်သမားများကို မလေးရှားသံရုံး ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင် ပို့ဆောင်ပေးလိုက်သဖြင့် ကွာလာလမ်ပူ လေဆိပ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း အဆိုပါ အလုပ်သမားများအရေး အကူအညီပေးနေသူ ၎င်းကဆိုသည်။ အလုပ်သမား ၈၅ ဦးတွင် အမျိုးသမီး ၂၀ ကျော် ပါဝင်သည်။

အဆိုပါ အလုပ်သမားများကို ဇူလိုင်လ ၂၂ ရက်နေ့က ရမန်ယူခဲ့ကာ နိုင်ငံတော်တံဆိပ်ကို အတုလုပ်မှုဖြင့် ဖမ်းဆီးခံထားရဖြင်း ဖြစ်ပြီး အဆိုပါ အမှုဖြင့် ပြစ်ဒဏ်ချပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်ရှိကြောင်း ဦးဆန်းဝင်းက ရှင်းပြသည်။

အမျိုးသမီးများကို ကာဂျန်းမြို့ရှိ အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး အမျိုးသားများကို ကွာလာလမ်ပူ မြို့တော်နှင့် ကီလိုမီတာ ၅၀ ခန့် ကွာဝေးသည့် စွန်ကိုင်းဘလို့ အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း အလုပ်သမားများ၏ မိသားစုဝင်များထံမှ သိရှိရသည်။

“ဗီဇာအတုနဲ့ ဆိုပြီး မလေးရှားလေဆိပ် ရောက်ရောက်ချင်း အဖမ်းခံရတာ” ဟု ဖမ်းဆီးခံရသည့် အထဲတွင် ပါဝင်သည့် အသက် ၁၈ နှစ်အရွယ် မောင်ချမ်းမြေ့အောင်၏ ဦးလေးဖြစ်သူ ဦးမျိုးသန့်က ပြောကြားသည်။

အဆိုပါ မြန်မာ အလုပ်သမားများသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် စုမြတ်အမည်ရ ကုမ္ပဏီကို ကျပ်ရှစ်သိန်း လက်ငင်းပေးခဲ့ရကြောင်း ၎င်းကဆိုသည်။

စုမြတ်ကုမ္ပဏီသည် ဇွန်လ ပထမ အပတ်ကလည်း မြန်မာအလုပ်သမား ၆၀ ကျော်ကို ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်ခဲ့ပြီး ယင်းအကြိမ်က ဖမ်းဆီးခံခဲ့ရခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း မလေးရှားနိုင်ငံတွင် နိုင်ငံခြားသား တစ်ဦးကို တစ်လနေထိုင်ခွင့်ပြုပြီး တစ်လကုန်၍ သက်တမ်းတိုးရာတွင် ဗီဇာအတု ဖြစ်သဖြင့် သက်တမ်းတိုး၍ မရကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။
“တချို့က မနေတော့ဘူးဆိုပြီး ပြန်တယ်။ ပြန်တဲ့အခါ Immigration ဖြတ်တဲ့အချိန်မှာ အဖမ်းခံရတယ်” ဟု ၎င်းကဆိုသည်။

စုမြတ်အမည်ရ ကုမ္ပဏီသည် ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရန် အစိုးရက ခွင့်ပြုပေးထားသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၂၀၂ ခု စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မေးမြန်းရန် စုမြတ်ကုမ္ပဏီကို ၃၈ လမ်းတွင် သွားရောက် ရှာဖွေရာတွင်လည်း ကုမ္ပဏီ ဖွင့်လှစ်ထားခြင်း မတွေ့ရပေ။

ယင်းကိစ္စနှင့် ပတ်သက်ကာ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

အဆိုပါ အလုပ်သမားများ ကိစ္စကို မြန်မာသံရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြေရှင်းပေးနိုင်မည် ဖြစ်ကြာင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ဆိုသည်။

The Voice Weekly

No comments: