Saturday, July 19, 2014

မည်သည့် နိုင်ငံတကာ ဖိအားပေးမှုကမျှ အစ္စရေး၏ ထိုးစစ်ကို ရပ်တန့်နိုင်မည် မဟုတ်ဟု ဝန်ကြီးချုပ်ပြောကြား



Saturday, July 19, 2014

အပစ်အခတ် ရပ်စဲရန် နိုင်ငံတကာက ဖိအားပေး တောင်းဆိုမှုများ ရှိနေသည့်တိုင် ဂါဇာကမ်းမြှောင် ဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်သွားမည်ဟု ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ပြောကြားခဲ့သည်။

ဇူလိုင် ၁၁ ရက်နေ့တွင် နာတန်ယာဟူက ဂါဇာတွင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်နေမှုများကို ဆက်လက် လုပ်ဆောင်နေမည်ဟု အတည်ပြုခဲ့သည်။ “ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း ဖြစ်မြောက်ပြီလို့ သေချာသွားပြီဆိုရင် ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ပါမယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဆိုတာကလည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည် ထိန်းသိမ်းထားဖို့ပါပဲ”ဟု နာတန်ယာဟူက ဆိုသည်။

ဂါဇာရှိ ဟားမားစ်စစ်သွေးကြွ ပြောက်ကျားတို့က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့်နောက် အစ္စရေးက ဟားမားစ်တို့၏ စစ်စခန်းများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဂါဇာဘက်တွင် အရပ်သားများ အပါအဝင် အသေအပျောက် (၁၀၀)ကျော်လာပြီဖြစ်ပြီး နိုင်ငံတကာက တိုက်ပွဲများ ရပ်တန့်ရန် တောင်းဆိုနေမှုကို နှစ်ဖက်စလုံးက မျက်ကွယ်ပြုထားသည်။



နာတန်ယာဟူက “ကျွန်တော်တို့ လုပ်ပိုင်ခွင့် ရှိသမျှ အားလုံး လုပ်ဆောင်နေပါတယ်။ ဒီအတွက် ဘယ်လို နိုင်ငံတကာ ဖိအားကမှ ကျွန်တော်တို့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး”ဟုလည်း ဆိုသည်။ ၎င်းက ဂါဇာသို့ အစ္စရေး မြေပြင်တပ်များ ဝင်ရောက်လာနိုင်သည့် အလားအလာကိုလည်း ငြင်းပယ်ခြင်း မရှိချေ။

“ကျွန်တော် ပြောပြီးပါပြီ။ ဖြစ်နိုင်ခြေ ရှိသမျှ အားလုံးကို ကျွန်တော်ုတိ့ ပြင်ဆင်ထားပြီးသားပါ”ဟု ဝန်ကြီးချုပ်က ပြောကြားထားသည်။ လတ်တလောတွင် အစ္စရေးသည် အရန်တပ်ဖွဲ့များကို ဂါဇာနှင့် နယ်နိမိတ် အနီးသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

ဂါဇာဘက်မှ ဒုံးကျည်များ ပစ်ခတ်ခဲ့သည့်နောက် အစ္စရေးသည် ဇူလိုင် ၈ ရက်က စတင်ကာ ဂါဇာကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းထိ ဂါဇာဘက်တွင် ပါလက်စတိုင်း ၁၂၀ ကျော် သေဆုံးခဲ့ပြီး အရပ်သား အများအပြား ပါဝင်ခဲ့သည်။ ထိုအတောအတွင်း ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတို့ကလည်း အစ္စရေး နယ်နိမိတ်ဘက်သို့ ဒုံးကျည်(၆၀၀)ကျော် ပစ်လွှတ်ခဲ့သော်လည်း အများစုကို အစ္စရေး၏ ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ်များက တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း ဓာတ်ဆီဆိုင် တစ်ဆိုင်ကို ဒုံးကျည်ထိမှန်သည့် ဖြစ်ရပ်တွင်မူ အစ္စရေး အရပ်သားတစ်ဦးနှင့် စစ်မှုထမ်းတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

_Ref: Dailymail..7day...

No comments: