Thursday, July 17, 2014

နှစ် ၁၀၀ နီးပါးကရေးဆွဲထားသည့် ဥပဒေဖြင့်သတင်းထောက်များကို ထောင် ၁၀ နှစ်ချမှတ်ခြင်းက မီဒီယာကို ခြိမ်းခြောက်ရာရောက်


Thursday July 17, 2014

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က ယူနတီသတင်းဂျာနယ်မှ သတင်းထောက်လေးဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့်စွဲဆိုကာ ပခုက္ကူ မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့သည်။ ယင်းသို့ ထောင်ချ သည့် အပေါ် ပြစ်ဒဏ်မှ လွတ်ငြိမ်းစေရန်ရည်ရွယ်၍ ငြိမ်းချမ်းစွာ အသံတိတ် တောင်းဆို ဆန္ဒပြသည့် သတင်း သမား ၅၀ ဦးကိုလည်း ကမာရွတ်မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဥပဒေ ပုဒ်မ၁၈ဖြင့် အမှုဖွင့် အရေးယူထားသည်။

ယင်းသို့ မီဒီယာလွတ်လပ်ခွင့်ကို အစိုးရကပြန်လည်ထိန်းချုပ်ရာရောက်သည့် ဖြစ်စဉ်များကြောင့် ၈၈ မျိုး ဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီး ကို လက်ရှိမီဒီ ယာသမားများအား ထောင်ချ အရေးယူသည့်အခြေအနေ၊ လက်ရှိ မြန်မာ့မီဒီယာလွတ်လပ်ခွင့်၊ အနာဂတ်မီဒီ ယာလွတ်လပ်ခွင့်အတွက် စိန်ခေါ် မှုများကို မဇ္ဈိမက သွားရောက်တွေ့ဆုံမေးမြန်းထားသည်။

အခုဆိုရင် မီဒီယာသမားတွေကို ဖမ်းဆီးတာ၊ ထောင်ချအရေးယူတာတွေလုပ်နေတဲ့အပေါ် ဦးကိုကိုကြီးအ နေနဲ့ဘယ်လို မြင်ပါလဲ။

အခုဖြစ်တဲ့ကိစ္စဆိုရင် နိုင်ငံတော်လျှို့ ၀ှက်ချက်ဥပဒေဆိုတာနဲ့ စွဲပစ်လိုက်တယ်။ အဲဒီ့ နိုင်ငံတော်လျှို့ဝှက် ချက်ဥပဒေ ဆိုတာ ၁၉၂၃ က။ အဲဒါကြီးက နှစ်၁၀၀ နီးပါး ဖြစ်လာပြီ။ ဒီဥပဒေကြီးကို ဆက်ပြီးကျင့် သုံးနေ တယ်ဆိုတော့ အုပ်ချုပ်တဲ့သူတွေ ဥပဒေနဲ့ ပတ်သက်လို့ နားလည်ထားတာကပြဋ္ဌာန်းမယ်။ ချိုးဖောက်ရင် အရေးယူမယ်။ ဆိုလိုတာက အခွင့် အရေးကိုအာမခံချက်ပေးတဲ့ဥပဒေတွေ ရှိဖို့လိုတယ်။ဥပမာအားဖြင့် သတင်း သမားတွေအတွက်ရော၊ သာမန် ပြည်သူတွေအတွက်ရော အစိုးရဘာလုပ်နေတယ်။ လွှတ်တော် ဘာလုပ်နေတယ်ဆို တာတွေကို သတင်း အချက် အလက် ရယူခွင့်၊ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့ လိုတယ်။ နိုင်ငံ မှာအဓိကလိုအပ်နေတာအဓိက Right to Know (သိပိုင်ခွင့်) ဥပဒေ တစ်ခု ဖြစ်လာဖို့လိုတယ်။

အဲဒီ့ Right to Know သာ ခိုင်ခိုင်မာမာရှိလာမယ်ဆိုရင် အခုသတင်းသမားတွေကို အရေးယူတဲ့ကိစ္စမျိုးတွေ ဖြစ်လာ စရာအကြောင်းမရှိဘူး။ နောက်တစ်ခုကပြစ်မှု ပြစ်ဒဏ် ပြဿနာပေါ့။ သတင်းသမားတစ်ယောက်ကို သတင်းရယူ မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်လိုက်တာဟာ ဥပဒေရဲ့သဘောမှာ နိမ့်ဆုံးပြစ်ဒဏ် အမြင့် ဆုံးပြစ်ဒဏ် ဆိုတာ ရှိတယ်။ ထောင်ဒဏ် ဆိုတာရှိတယ်၊ ငွေဒဏ်ဆိုတာရှိတယ်၊

အဲဒါက ဒီတရားဥပဒေကိုကိုင်တွယ်ကျင့်သုံးတဲ့ ဆင်ခြင်တုံတရားပေါ်မှာမူတည်ပြီးတော့ ဒီဟာသည် ဒီ လောက်ကြီးလွန်းမှုသည် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်သင့်သလား။ ငွေဒဏ်နဲ့ ပြီးသလား။ အနိမ့်ဆုံးပြစ်ဒဏ် ချ မှတ်သင့် သလား ဆိုတာ သူ့မှာလွတ်လွတ်လပ်လပ်နဲ့ စီရင်ပိုင်ခွင့်ရှိရမယ်။ အဲလိုမဟုတ်ဘဲ ၁၀ နှစ်အထိ ချ လိုက်တယ် ဆိုတာကျန်တဲ့ သတင်းသမားတွေကိုလည်း ခြိမ်းခြောက်တဲ့သဘော သက်ရောက်တယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့ မမျှဘူးလို့ ဆိုလို ချင်တာ။

ဒီရက်ပိုင်းအတွင်းမှာပဲ သတင်းသမားကို၁၀ နှစ်ချတဲ့အချိန်မှာလူသတ်မှုကို ငါးနှစ်ပဲချတဲ့ နှိုင်းယှဉ်မှုတစ်ခု ဖြစ်လာတယ်။ ဆိုလိုတာက လူသတ်လို့ရတယ်။ သတင်းယူတာက လူသတ်တာထက် ပိုပြီးတော့ အန္တရာယ် ကြီးတယ်ဆိုတဲ့ နှိုင်းယှဉ်မှု မျိုး ဖြစ်လာတာက ဒီနေ့ နိုင်ငံပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့ကာလမှာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စလို့ မြင်တယ်။ နောက်ဒီဖြစ်ရပ်က ဘယ်လို မီးမောင်း ထိုးပြနေလဲဆိုတော့ နိုင်ငံမှာ သတင်း အချက်အလက်နဲ့ပတ်သက်ပြီး ဥပဒေတစ်ခု အခိုင်အမာပြဋ္ဌာန်းသင့်ပြီ။ အဲဒီ့ သတင်း ရယူခွင့်နဲ့ပတ်သက်လို့လည်း အကာအကွယ်၊ အာမခံ ချက်အခိုင်အမာပေးတဲ့ ဥပဒေတစ် ခုရှိသင့်ပြီလို့ အဲလိုမြင်တယ်။

အခုလက်ရှိမှာ သတင်းထောက်တွေကို ထောင်ဒဏ်ချ အရေးယူတဲ့အပေါ်မှာမီဒီယာသမားတွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်တာမျိုးလုပ်တယ်။ အဲဒီ့အပေါ်လည်း အရေးယူမှုတွေဆက်ပြီးရှိလာတယ်။ ဒီအပေါ်မှာ ဦးကိုကိုကြီးအနေနဲ့ ဘယ်လို သုံးသပ်ချင်ပါလဲ။

ဒီမိုကရေစီနိုင်ငံတွေမှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ပေါ့။ဒါဟာ ဒီမိုကရေစီရဲ့အသက်ပဲ။ဆိုတော့ အဓိက ကလွတ်လပ်စွာ ဆိုတဲ့နေရာမှာ ငြိမ်းချမ်းစွာလက်နက်မပါဘဲ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ နိုင်ငံသားတွေရဲ့ အ ခွင့်အရေးပဲ။ ဆိုတော့ အဲဒါတွေ ကို စနစ်တကျကျင့်သုံးနိုင်ဖို့ အာမခံချက်ရှိရမယ်။ တစ်ဖက်ကလည်း ဆန္ဒ ထုတ်ဖော်တာ တင် မဟုတ်ဘူး။ ဥပဒေအရ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့၊ အခိုင်အမာဖြစ်ဖို့၊ ကိစ္စတွေကို ခုနပြောတဲ့Right to Know (သိခွင့်သိလမ်း ဆိုင်ရာ ဥပဒေတစ်ခု) အခိုင်အမာ ဖြစ်လာဖို့အတွက်ကိုလည်း ဆက်ပြီး ကြိုးစားသင့်တယ်။ ဒါမှ မီဒီယာသမားတွေ ရဲ့ သတင်းရယူခွင့်နဲ့ ပတ်သက်တဲ့ အာမခံ ချက်ရှိမယ် လို့ ကျွန်တော်မြင်တယ်။

လက်ရှိမှာ ရှိပြီးသားဥပဒေတွေက ပြည်သူတွေနဲ့မီဒီယာအပေါ်အကာအကွယ်ပေး နိုင်ရဲ့လား။ သက်ရောက်မှုက ဘယ်လိုရှိလဲ။

အဓိကက ဒီတရားရေးမဏ္ဍိုင်ဟာ အမှန်တကယ် လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့လိုတယ်။ တရားဥပဒေ စိုးမိုးရေးလို့ ပြောတဲ့အခါမှာ တည်ဆဲဥပဒေတွေကို ပြန်ပြီးသုံးသပ်တာတွေ၊ ဖျက်သိမ်းတာတွေ၊ ပြင်ဆင်တာ တွေလုပ်ဖို့လိုတယ်။ လူထုအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်တဲ့ ဥပဒေတွေ၊ ခေတ်နဲ့မလျော်ညီတဲ့ဥပဒေတွေ ဖျက် သိမ်းပစ်ရမယ်။

မီဒီယာတွေ အပေါ် အဓိက ပြည်တွင်း မီဒီယာတွေအပေါ် ဦးကိုကိုကြီးအနေနဲ့ရော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ရော ဘယ်လိုမြင်ပါလဲ။

သတင်းမီဒီယာမှာ သြဇာတိက္ကမရှိလာပြီဆိုရင် နိုင်ငံရေးဝင်လုပ်တယ်။ သြဇာကိုသုံးပြီးတော့ နိုင်ငံရေးနယ် ပယ်ကို ဘောင်ကျော်လာတဲ့ကိစ္စမျိုးတွေ ရှိတယ်။ တချို့ကျတော့နဂိုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပဲ။ အဲဒီ့ကနေ မီဒီယာကို လက်နက်တစ်ခုအနေနဲ့ သုံးဖို့အတွက် မီဒီယာဘက် ပြောင်းသွားပြီး သူလုပ်ချင်တဲ့ နိုင် ငံရေးကို ဂျာနယ်တစ်ခု ထောင်ပြီးလုပ်နေတာ။ မီဒီယာတစ်ခုကိုင်ပြီး လုပ်နေတာရှိတယ်။ တကယ်က နိုင်ငံ ရေးသမားနဲ့ သတင်းသမားသည် စည်းကပါးပါးလေးပဲ။ သို့သော် Professional (အသက်မွေးဝမ်းကျောင်း ပညာရပ်) ဖြစ်ဖို့ လိုတယ်။

အခု ကျွန်တော်မြင်ရတာကတော့ လက်ရှိမီဒီယာလောကမှာ နယ်စည်းမခြားတဲ့ဟာမျိုးပေါ့။ ရောနေသလိုမျိုး တချို့မီဒီယာ တွေပါ။ မီဒီယာအားလုံးကိုမဆိုလိုပါဘူး။ တချို့လည်းမီဒီယာ တကယ့် Professional ဖြစ် အောင်ကြိုးစား နေတာမျိုး တွေ့ရတော့တော်တော်လည်း အားတက်ပါတယ်။

တကယ်တော့ မီဒီယာလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီရဲ့ ပြဒါးတိုင်။ ဆိုတော့ ဒီနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက် ရှိသလဲဆိုတဲ့ အပေါ်မှာလည်းအရေးပါတဲ့ သတ်မှတ်ချက်တစ်ခုချလို့ရတယ်။ မီဒီယာတွေ ဘက်ကလည်း ကိုယ့်ရဲ့ Professional လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ဖို့ လိုတယ်။

ရှေ့လာမယ့်အနာဂတ်မှာ မီဒီယာလွတ်လပ်ခွင့်အနေအထားက ဘယ်လိုဖြစ်လာ နိုင်မယ်ထင်လဲ။

အဲဒါကတော့ မီဒီယာသမားတွေဘက်ကလည်း ထိန်းသိမ်းဖို့လိုတယ်။ အစိုးရဘက်ကလည်း မီဒီယာလွတ် လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုလိုမြင်ပြီး ကန့်သတ်တာတွေ၊ ပြန်ပြီးပိတ်တာတွေ မဖြစ်ဖို့အားလုံးမှာ တာဝန်ရှိတယ်။

နောက်တစ်ခုက မီဒီယာနဲ့ ဘဏ္ဍာရေးပြဿနာပေါ့။ အဲဒါဟာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍပါလာလိမ့် မယ်လို့ ကျွန်တော် မြင်တယ်။ မီဒီယာသမားဟာ သူဌေးမဟုတ်ဘူး။ မီဒီယာတစ်ခုထောင်ရင် ငွေကြေးအလုံး အရင်းနဲ့ လိုအပ်တယ်။ အဲဒီအတွက်ကို လုပ်ငန်းရှင်တွေက မီဒီယာမှာဝင်ရောက် ရင်းနှီးမြှုပ်နှံမယ်။ အဲဒီအခါ မီဒီယာ လွတ်လပ်ခွင့်ကို ထိန်းသိမ်းဖို့က မီဒီယာသမားစစ်စစ်တွေကပိုပြီး ရုန်းကန်ရလိမ့်မယ်။

နောက်တစ်ခုက မီဒီယာကတော်တော်များများဖြန့်နေတာမြို့ကြီးတွေမှာပဲဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်း သားဒေသ တွေမှာ တိုင်းရင်းသားဘာသာစကားနဲ့ထုတ်တဲ့ မီဒီယာတွေ များများကျယ်ပြန့်လာဖို့လိုတယ်။ မ ဟုတ်ရင် မီဒီယာဖွံ့ဖြိုး တယ်ဆိုတာ ရေများရာမိုးရွာနေတာ။ တစ်နေရာထဲမှာ အစောင်ရေသောင်းနဲ့ချီပြီး ဖြန့်နေတယ်။ မရောက်တဲ့နေရာမှာ မရောက်ဘူး။ လူကလည်း ဈေးကွက်နောက်ပဲ လိုက်နေတယ်။
 
Mizzima 

No comments: