Wednesday, April 09, 2014

မြစ်ဆုံလမ်းလျှောက်အဖွဲ့အား မြို့နယ် NLD ပါတီဝင်အချို့မှ ကြိုဆိုခဲ့သော် လည်း ဒေသခံပြည်သူများ စိတ်ဝင်စားမှုမရှိ

Wednesday, April 09, 2014
 မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့သို့ ဧပြီ ၈ ရက်နေ့က ရောက်ရှိ လာသော မြစ်ဆုံအထိ လမ်းလျှောက် အဖွဲ့အား မြို့နယ် NLD ပါတီဝင်အချို့မှ ကြိုဆိုခဲ့သော်လည်း ဒေသခံပြည်သူများမှ စိတ်ဝင်စားမှု မရှိကြောင်း ယင်းမြို့ခံ အချို့ထံမှ သိရသည်။

``မနေ့က မနက်တိုင်းမှာ မြို့ထဲကို အဲဒီအဖွဲ့တွေ ၀င်လာတာတွေ့တယ်၊ လမ်းလျှောက်အဖွဲ့လို့ပြောတော့ လှမ်းကြည့်မိပါသေးတယ်၊ ဒါပေမယ့် အလုပ်မရှိ အကိုင်မရှိ လျှောက်သွားပြီး အလှူခံစားနေတဲ့ လူတွေဆိုပြီး မြို့ထဲက လူတချို့ ပြောနေသံကြားတယ်၊ သူတို့အဖွဲ့ကို စိတ်မ၀င် စားကြပါဘူး´´ ဟု မြို့ခံကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အဆိုပါ လမ်းလျှောက်အဖွဲ့သည် ရေနံချောင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာအနီးရှိ ရတနာမဉ္စူဘုရားဝင်းအတွင်း ရောက်ရှိတည်းခိုကာ ဧပြီ ၈ ရက် နံနက် ၉ နာရီခန့်တွင် ရေနံချောင်းမြို့ထဲသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း နှင့် မြို့နယ် NLD ပါတီဝင်အချို့မှ လာရောက်ကြိုဆိုကြောင်း သိရသည်။

`` ကောလိပ်ရှေ့မှာတော့ မြို့နယ် NLD အဖွဲ့တွေ လာကြိုတာတွေ့တယ်၊ ဒါပေမယ့် အဲဒီ ပါတီဝင်တွေက လွဲလို့ မြို့သူမြို့သားတွေက တစ်ယောက်မှ မကြိုဆိုကြပါဘူး၊ မကွေးမှာကတည်းက နာမည်ထွက်နေတော့ အဲဒီအဖွဲ့ကို အယုံအကြည်မရှိတာလည်း ပါတာပေါ့ ´´ဟု ကောလိပ်ကျောင်း သား မောင်နေလင်းမောင်က ပြောသည်။

ရေနံချောင်းမြို့ ရွှေကြာပုံရပ်ကွက်ရှိ မဲထီးကျောင်းတိုက်သို့ လမ်းလျှောက်အဖွဲ့ ရောက်ရှိစဉ် မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသာချိုနှင့် အဖွဲ့ဝင်များမှ ထမင်းဗူးများ ဝေငှခဲ့ကြောင်း၊ သို့သော် မြို့သူမြို့သားများမှ လာရောက် တွေ့ဆုံထောက်ပံ့ခြင်းများ မရှိကြောင်း လမ်းလျှောက်အဖွဲ့တွင် ပါဝင်သော နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။


`` ခေါင်းဆောင်ကတော့ တွံ့တေးမြို့နယ် NLD ပါတီဥက္ကဋ္ဌ (မြို့နယ်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် တာဝန်ခံ) ဦးရဲထွဋ်ခေါင်ပါ၊ ဒီကျောင်းတိုက်မှာ ညအိပ်မှာပါ၊ ဒါပေမယ့် သူတို့အဖွဲ့ထဲမှာလည်း ပြဿနာတွေ တက်နေတယ်ပြောတယ်၊ ခေါင်းဆောင်(၄)ဦး နုတ်ထွက်တယ်၊ အဖွဲ့ဝင်အချို့ ကားစီးတာနဲ့ ပတ်သက်ပြီး  စကားအချေအတင်ဖြစ်ကြတယ်၊ အခုလည်း အသံတွေကြားနေရပြန်ပြီ၊ ဒီမြစ်ဆုံအထိ လမ်းလျှောက်အဖွဲ့ကို အခြားပါတီတွေက မထောက်ပံ့ပေမယ့် NLD က ထောက်ပံ့ပေးတာ ဟာ သွေးရိုးသားရိုးမဟုတ်ဘူး၊ နောက်ကွယ်မှာ NLD ပါတီက ကြိုးကိုင်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာပဲ ´´ ဟု မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသွားခဲ့သည်။

ကိုတမာ(ရေနံချောင်း)
credit to : ကိုတမာ

No comments: