Wednesday, April 09, 2014

အခက်အခဲနှင့် ရင်ဆိုင်နေရသည့် အခြေအနေများအား သမ္မတနှင့် အစိုးရပိုင်းသို့ ပွင့်လင်းစွာတင်ပြနိုင်ရန် မြန်မာ့စီးပွားရေးဖိုရမ်ကို ဇူလိုင်လတွင် ပထမဆုံးကျင်းပမည်

Wednesday, April 09, 2014
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများအား သမ္မတနှင့် အစိုးရပိုင်းသို့ ပွင့်လင်းစွာတင်ပြဆွေးနွေးနိုင်ရန်အတွက် မြန်မာ့စီးပွားရေးဖိုရမ်ကို လာမည့် ဇူလိုင်လတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ မှ သိရသည်။

အဆိုပါဖိုရမ်အား ပြည်တွင်း၏စီးပွားရေးလုပ်ငန်းရှင်များပါဝင်ဆွေးနွေးမည့် အဆင့်မြင့်ဖိုရမ်တစ်ခုဖြစ်စေရန် ရည်ရွယ်ထားပြီး ဖိုရမ်ဖွဲ့စည်းတည်ဆောက်မှုကို အစိုးရနှင့် ပုဂ္ဂလိက ဟူ၍ နှစ်ပိုင်းခွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ ကုန်သည်/စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည့် ဖိုရမ်ဖြစ်မြောက်ရေးအိသိပေးအခမ်းအနားမှသိရသည်။
ပုဂ္ဂလိကပိုင်းအတွက် ဥက္ကဌတာဝန်ကိုမူ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ဒုဥက္ကဌ ဦးဇော်မင်းဝင်း က တာဝန်ယူထားပြီး အတွင်းရေးမှူးအဖွဲ့ ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် လုပ်ငန်းအဖွဲ့ (၇)ဖွဲ့ကို လာမည့် သင်္ကြန်အပြီးတွင် ဖွဲ့စည်းသွားနိုင်ရန် ပြုလုပ်ကြမည်ဖြစ်ပြီး ၄င်းတို့မှာ (၁) စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့်၊ သစ်တောနှင့် မွေးမြူရေးလုပ်ငန်း၊ (၂)သဘာဝအရင်းအမြစ်များတူးဖော်ရေးလုပ်ငန်း (၃) ဘဏ်နှင့်ငွေကြေးဆိုင်ရာလုပ်ငန်း (၄) ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (၅) ကုန်ပစ္စည်းထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆) ၀န်ဆောင်မှုလုပ်ငန်း(၇) အခြေခံအဆောက်အဦးတည်ဆောက်ရေးလုပ်ငန်း တို့ ဖြစ်သည်။

သို့သော် ယင်းခေါင်းစဉ်များမှာ အနည်းငယ်ပြောင်းလဲမှုရှိနိုင်သေးပြီး ယင်းလုပ်ငန်းအဖွဲ့များ၏အောက်တွင် လည်း ခေါင်းစဉ်ခွဲများထပ်မံခွဲခြား၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဖိုရမ် (MBF) ၏ အတွင်းရေးမှူး ဒေါက်တာသက်သက်ခိုင် ကပြောကြားသည်။ မြန်မာ့စီးပွားရေးဖိုရမ်တည်ထောင်ရန်အတွက် နိုင်ငံတော်သမ္မတမှ ဖေဖေါ်ဝါရီလအတွင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဉ် ပြောကြားခဲံခြင်းလည်းဖြစ်ပြီး ကမ္ဘာ့ဘဏ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Finance Corporatin မှ ပံ့ပိုးကူညီနေခြင်းလည်း ဖြစ်သည်။ မြန်မာ့စီးပွားရေးဖိုရမ်ကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး အစိုးရကဏ္ဍအပိုင်းအတွက်ကိုမူ ဒုတိယသမ္မတတစ်ဦးမှ ဦးဆောင်ပေးသွားမည်ဟုလည်း သိရသည်။

Popular Myanmar News Journal

No comments: