Wednesday, April 09, 2014

ဘိုလီးဗီးယားနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး မြို့ပြ ကေဘယ်လ် ကားကွန်ရက်ကို စတင်ဖွင့်လှစ်

Wednesday, April 09, 2014
ဘိုလီးဗီးယားနိုင်ငံ အင်ဒီတောင်တန်းပေါ်က မြို့တော်နယ်နမိတ်အတွင်း ကမ္ဘာ့အကြီးဆုံး မြို့ပြ ကေဘယ်လ် ကားကွန်ရက်ကို ပထမဆုံးခရီးသည်တွေကို သယ်ဆောင်ရင်း ဧပြီ ၈ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါတယ်။

မြို့တော်လာပက်ကနေအနားက အယ်လ်အော်တိုမြို့ကို ချိတ်ဆက် ပြေးဆွဲတဲ့ ဒီကွန်ရက်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁ သောင်း ၃ ထောင် ၆ ရာကျော် မြင့်လို့ ကမ္ဘာ့အမြင့်ဆုံး မြို့ပြ ကေဘယ်လ် ကားကွန်ရက် ဖြစ်လာပါတယ်။
ဒေသတွင်း အစွန်းရောက် ဘူမိမြေပြင် သွင်ပြင်လက္ခဏာကြောင့် ကာလကြာရှည် အဟန့်အတား ဖြစ်နေတဲ့ ပို့ဆောင်ဆက်သွယ်ရေးအတွက် ရည်မှန်းချက်ကြီးကြီးထား စီစဉ်ထား တဲ့ ကွန်ရက် ဖြစ်ပါတယ်။

မြို့လည်ကိုဝန်းရံထားတဲ့တောင်ကုန်းတွေပေါ်က လူနေထူထပ်တဲ့ ရပ်ကွက်တွေကို ချိတ်ဆက်ထားတဲ့ ကေဘယ်လ်ကားကွန်ရက်ဟာ သမားရိုးကျမြို့တွင်း သယ်ယူပို့ဆောင်ရေး ထက် ပိုပြီး မြန်ဆန်တဲ့ ၀န်ဆောင်မှုကို ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။

၁ နာရီခွဲကနေ ၂ နာရီထိ ကြာနိုင်တဲ့ ရိုးရိုးခရီးကို ခုတော့ ကေဘယ်လ်ကားနဲ့ ၂၄ မိနစ် အတွင်း သွားလာနိုင်ပြီလို့ ဆိုပါတယ်။ မြို့တွင်း မတ်စောက် ကျဉ်းမြောင်းတဲ့လမ်းတွေကြား လူသွားလူလာများချိန်မှာ မိုင်နည်းနည်း သွားရတဲ့ခရီးကို ဘတ်စ်ကားစီးရင် အချိန် ၁ နာရီလောက် ယူရလေ့ ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခရီးသည်တွေဟာ ဘတ်စ်ကားလက်မှတ် ၄ မျိုးလောက်နဲ့ ဘတ်စ်ကားကို ၄ ကြိမ်လောက်ထိ ပြောင်းပြီး စီးကြရပါတယ်။

ခုတော့ ကေဘယ်လ်ကားစနစ်ကြောင့် အယ်လ်အော်တိုနဲ့ လာပဲ့ဇ်မြို့ကြား ခရီးသွားတဲ့ ပြည်သူတွေဟာ ၁ နှစ်ကို အချိန်နာရီပေါင်း ၁၂ သန်း ၃ သိန်းနီးပါး အချိန်ကုန်သက်သာတော့မယ် လို့ ဘိုလီးဗီးယား ပြည်သူ့လုပ်ငန်းဝန်ကြီး ဗလာဒီမြာ စန်ချဲ့ဇ်က ပြောပြီး ဒီစနစ်အတွက် အမေရိကန်ဒေါ်လာ သန်း၂၄၀ ရင်းနှီးမြှုပ်နှံခဲ့တာပါ။

ယာဉ်ကြောလိုင်းက နီစိမ်းဝါ ဆိုပြီး ၃ လိုင်းရှိပြီး မြို့တော်တွင်း ၆ ဒသာမ ၁ မိုင် ကို ချိတ်ဆက် ထားပါတယ်။

လူစီးအိမ် ၄၂၇ လုံးကို ချိတ်ဆက်ထားတဲ့ ကေဘယ်လ်ကားစနစ်ဟာ ဘူတာ ၁၁ ခုကို ဖြတ်သန်းပြီး ၁ နာရီကို ၁၁မိုင်နှုန်းနဲ့ ရွှေ့လျားမှာ ဖြစ်ပြီး ခန့်မှန်းခြေ ခရီးသည် အယောက် ၂ သောင်းကို သယ်ယူပို့ဆောင်နိုင်ပါတယ်။

မြို့တော် လာပဲ့ဇ်နဲ့ အယ်လ်အော်တိုကို ချိတ်ဆက်ထားတဲ့စနစ်က ပထမဆုံးလိုင်း ဖြစ်ပြီး သြဂုတ်လမှာတော့ ကျန်တဲ့စနစ်တွေ အဆင်သင့် ဖြစ်မယ်လို့လည်း ဆိုပါတယ်။

DVB

No comments: