Wednesday, April 09, 2014

နောင်ချိုတောင်သူများ ထွန်တုံးတိုက်ပွဲပြုလုပ်

Wednesday, April 09, 2014
နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအုပ်စု၊ နောင်ဖာကျေးရွာ တောင်သူများက ၎င်းတို့မူလလက်ငုတ် ပိုင်ဆိုင်ခဲ့သည်ဆိုသော လက်ရှိ ဦးစိုးသိန်း ကော်ဖီခြံ၊
အစိုးရကော်ဖီခြံနှင့် ငွေရည်ပုလဲသကြားစက်က ဝယ်ယူထားသည့် ခြံများအတွင်း ဧပြီလ (၉) ရက်နေ့ နံနက် (၈) နာရီ အချိန်မှစတင်ကာ
ထွန်တုံးတိုက်ပွဲပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

“ဒီနေ့မနက်ကတည်းက ထွန်တုံးတိုက်ပွဲလုပ်နေတာ ရွာလုံးကျွတ်ပါပဲ၊ ကိုယ့်ဆိုင်ရာဆိုင်ရာ ပိုင်တဲ့ခြံတွေမှာ ဝင်ထွန်နေကြတာ၊ ဒီလိုမှမထွန်ရင် စိုက်ပျိုးလို့ရမှာမဟုတ်တော့ဘူး” ဟု
တောင်သူ မမြနှင်းဆီက ပြောသည်။

အဆိုပါ ထွန်တုံးတိုက်ပွဲအား ဒေသအတွင်းရှိ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များက ဦးဆောင်၍ ဆင်နွှဲနေကြခြင်းဖြစ်ကြောင်း သိရရှိသည်။

ထွန်တုံးတိုက်ပွဲအား ကျေးရွာအတွင်းမှ အိမ်ခြေ (၅၅) အိမ်က တောင်သူများ စုပေါင်းပြုလုပ် နေကြခြင်းဖြစ်ကြောင်း ကော်ဖီစိုက်ခင်းနှင့်ငွေရည်ပုလဲသကြားစက်က ပိုင်ဆိုင်သည့်
လယ်မြေများတွင် ဝင်ရောက်ထွန်တုံးတိုက်ပွဲ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအုမ္မခါးကျေးရွာမှာ အိမ်ထောင်စုပေါင်း (၂ဝ၃) စုရှိပြီး ယခင်အစိုးရလက်ထက် လယ်မြေများ အသိမ်းမခံရမီက တောင်သူပိုင်လယ်ဧကမှာတစ်ထောင်ကျော်ရှိခဲ့ပြီး
၁၉၉၆ ခုနှစ်တွင် ဧက (၁ဝဝ) ကျော်အား ရာဘာစီမံကိန်းအတွက် သိမ်းယူခဲ့ပြီး ၂ဝ၁ဝ ခုနှစ် အရောက်တွင်ကျေးရွာမြေနေရာမှလွှဲ၍ ကျန်မြေအားလုံးနီးပါးကို
ရာဘာစီမံကိန်းအတွက် သိမ်းယူခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာအတွက် အမှီပြုမြေဧက (၅ဝ) သာကျန်သဖြင့် ဒေသခံတောင်သူများက စားဝတ်နေရေးအတွက် လက်လွတ်သိမ်းဆည်းခံလိုက်ရသည့် လယ်မြေများပေါ်တွင်
သီးစားခပေး၍ ပြန်လည်စိုက်ပျိုးခဲ့ကြရကြောင်း ဒေသခံတောင်သူများက ပြောသည်။

ထိုသို့ ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ကြရာတွင် အဆိုပါမြေများအား သိမ်းယူခဲ့သည့် (ပြည်ခိုင်ဖြိုး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကျောက်မဲနယ်မြေခံ ခမရ (၂၂)၊ မြန်မာ့နှစ်ရှည်ပင်)
တို့ထံမှ တစ်ဧကလျှင် တစ်နှစ်အတွက် ကျပ်ငါးထောင်မှ နှစ်သောင်းအထိ သီးနှံအမျိုးအစားအလိုက် သီးစားခပေး၍ ငှားရမ်းစိုက်ပျိုးခဲ့ကြရာ
၂ဝ၁၂ ခုနှစ်အရောက်တွင် စစ်မှုထမ်းဟောင်းအဖွဲ့က သိမ်းယူထားသည့် မြေများပေါ်တွင် မြေငှားခပေးနေရပြီး ပြည်ခိုင်ဖြိုးပါတီနှင့် ခမရ (၂၂) ပိုင် မြေများတွင်
သီးစားခပေးဆောင်ရခြင်းမရှိတော့သော်လည်း မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းကမူ စတင်သိမ်းဆည်းခဲ့စဉ် ကတည်းက အဆိုပါမြေများတွင် မည်သည့်သီးနှံမျှ စိုက်ပျိုးခြင်းမရှိဘဲ ဒေသခံတောင်သူများအား စိုက်ပျိုးခွင့်ပေးပြီး ထွက်ကုန်သီးနှံအားလုံး၏ ထက်ဝက်အား မြေငှားခအဖြစ် သတ်မှတ် ရယူခဲ့ကြောင်း
ဒေသခံများက ပြောသည်။

လက်ရှိတွင် တောင်သူများအနေဖြင့် စိုက်ပျိုးရန်မြေနေရာအတွက် လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အား တင်ပြထားသော်လည်း တောင်သူစိုက်ချိန်အမီ
ဆောင်ရွက်ပေးခြင်း မရှိသကဲ့သို့ ဒေသခံအာဏာပိုင်များက တောင်သူများအပေါ်၌ ဖိနှိပ်မှုများရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ ထွန်တိုက်တိုက်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊
ယခု မြေမှာလည်း နှစ်ရှည်ပင်စီမံကိန်းက လုပ်ငန်းရှင်များအား ပြန်လည်ရောင်းချပေးထားသည့် ကော်ဖီခြံနှင့် ငွေရည်ပုလဲကုမ္ပဏီက ဝယ်ယူထားသည့် မူလလက်ငုတ်တောင်သူများလုပ်ကိုင်ခဲ့သည့် မြေနေရာများပေါ်တွင် ၀င်ရောက်ထွန်ယက်နေခြင်းဖြစ်ကာ တစ်နယ်လုံးအတိုင်းအတာအဖြစ် အုပ်စုလိုက် ထွန်တုံးတိုက်ပွဲဆင်နွှဲသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

The Myanma Age

No comments: