Tuesday, April 22, 2014

သဲကုန်းသပိတ်စခန်း ဖြိုခွင်းခံရသူများ လယ်မြေပြန်ရရေး အခေါင်းသုံးခု မီးသင်္ဂြိုလ် သရုပ်ပြ

Tuesday, April 22, 2014

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ လယ်သိမ်းခံ တောင်သူ များ သည် လယ်ယာမြေ ပြန်လည် ရရှိရေးအတွက် ထူးခြားမှုတစ်စုံတရာမရှိသဖြင့် ဧပြီလ ၂၂ရက်က အခေါင်းသုံးခေါင်းကို မီးသင်္ဂြိုလ်ကာ သရုပ်ပြခဲ့သည်ဟု လယ်သမားအရေး ကူညီဆောင်ရွက်သူ ကိုသန့်ဇင်ထက်က ပြောသည်။

“လယ်သိမ်းတဲ့ အင်းမစစ်တပ်ရယ်၊ လယ်ယာမြေကို လက်ရှိလုပ်နေတဲ့ သူရယ်၊ အလုပ်မလုပ်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရယ် သူတို့ကိုသင်းကျိုပစ်မယ် ဆိုတဲ့သဘောနဲ့ လုပ်တာပါ” ဟု ကိုသန့်ဇင်ထက်က ပြောသည်။

လယ်သိမ်းခံ လယ်သမားများက ဧပြီ ၂၂ ရက် နေ့လည် ၂ နာရီခွဲက ဝါးဖြင့် ပြုလုပ်ထားသည့် အခေါင်းသုံးခုကို အောင်ကုန်းကျေးရွာ အတွင်းမှ ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာရှိ သုသန်သို့ သယ်ဆောင်ကာ မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။

အောင်ကုန်းကျေးရွာ လယ်သမားများက ၎င်းတို့ လယ်ယာမြေများ ပြန်လည်ရရှိရန် ဆန္ဒပြ သပိတ်မှောက်ခြင်း၊ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြခြင်းများ ပြုလုပ်ခဲ့သောလည်း ယခုအချိန်အထိ ထူးခြားလာခြင်း မရှိ၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ကိုသန့်ဇင်ထက်က ပြောသည်။

ယင်းမြေများ ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၁၁ရက်က တောင်သူများက သဲကုန်းမြို့ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီ ၁၄ရက်တွင် ယင်းသပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်။

လက်ရှိတွင် အောင်ကုန်းကျေးရွာရှိ ဒေါ်မုန်း၏ နေအိမ်တွင် ယာယီသပိတ်စခန်းဖွင့်ကာ ဆန္ဒပြလျှက်ရှိသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ ၁၁၅၉.၅၅ ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃) လက်ကားသမ၀ါယမအသင်းလိမိတက် အမည်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

Mizzima 

No comments: