Tuesday, April 22, 2014

အကြွေးမရှိသော ဦးဝင်းတင် ဘ၀ကူးကောင်းမည်ဟုယုံကြည်

Tuesday, April 22, 2014
ဦးဝင်းတင်ဆုံးပြီဟုကြားရတော့ စိတ်မကောင်းဖြစ်မိသည်။ လုပ်ဖော်ကိုင်ဖက်ဟုဆိုပေမဲ့ ကျွန်တော့်ထက် အသက်(၁၅)နှစ်ခန့်ကြီးသည်။ သူဆုံးတာ(၈၅)နှစ်၊ ကျွန်တော်အသက် (၇၀)နှစ် ကျွန်တော်တို့အသက်အရွယ်ဟာ လူလောကကို ကျောခိုင်းဖို့အချိန်ပြည့်ပြီဟု ပြောလို့ရပေသည်။ ဦးဝင်းတင် ဒိထက်အသက်ပိုရှည်သင့်တယ်။ ထောင်ထဲမှာအနှစ်(၂၀)ကျော်နေရလို့အသက်တိုတယ်။ စစ်အစိုးရကြောင့်ဟု ပြောဆိုသံများကြားရတော့ စိတ် မကောင်းဖြစ်မိသည်။ သာမန်လူတစ်ဦးအသက် (၈၅) နှစ်ထိနေနိုင်ဖို့ဆိုတာ ကုသိုလ်ကံနှင့်လည်း ဆိုင်ပါသည်။ အစိုးရကြောင့်မဟုတ်ပါ။ ဘာကြောင့်အတွေးအခေါင်နေကြပါသလဲ။
တစ်ခုတော့ကျေနပ်မိသည် ဦးဝင်းတင် ဘ၀ကူးကောင်းမည်ဟုထင်သည်။ သူဟာနိုင်ငံရေးသမား ဆိုပေမဲ့ အချို့ကိစ္စရပ်တွေမှာ တော်တော်လေးလွဲချော်ခဲ့သည်။ ခံယူချက်၊ ယုံကြည်ချက်ကောင်းသော်လည်း Background မကောင်းတဲ့အတွက် အတွေးအခေါ်အယူအဆမှားခဲ့သည်။ သူ့ကိုအားကျခဲ့သည့် ကျွန်တော်လည်း သူနဲ့အတူ ထောင်ထဲဝင်ခဲ့ရသည်။ ကျွန်တော့်ကိုမှီခိုနေတဲ့ မိသားစုအားလုံး ကျွန်တော်ခံယူချက်လွဲမှားမှုကြောင့် မျက်နှာ ငယ်ခဲ့ရသည်။

ဦးဝင်းတင် ထောင်ထဲမှာ အနှစ်(၂၀)ကျော်နေရတာ သူရဲ့အပြစ်ကိုသူခံသွားရတာပင် ဖြစ်ပေသည်။ နိုင်ငံတော်ရဲ့ ဥပဒေကိုဆန့်ကျင်လို့ ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်သည်။ သူသေဆုံးချိန်တွင် သူမှာအကြွေး မရှိတော့။ သူ့ရဲ့လုပ်ရပ်များမှားယွင်းမှုအတွက် ပြစ်ဒဏ်များကျခံခဲ့ပြီးဖြစ်သဖြင့် သူသေဆုံးချိန်တွင် သူ့ကိုယ်သူ ကျေနပ်နေပေလိမ့်မည်။ သူ၏မှားယွင်းသည့် လုပ်ဆောင်မှုများကိုလည်း နောင်တရနေပေလိမ့်မည်။ သို့သော် သူ့မှာအကြွေးမရှိတော့ပေ၊ ဘ၀ကူးကောင်းမည်ဟုယုံကြည်သည်။

ကျွန်တော်၏မိုက်ပြစ်များကိုလည်း ပေးဆပ်ပြီးဖြစ်သဖြင့် ကျွန်တော့်မှာလည်း အကြွေးမရှိတော့ပေ။ ကျန်ရှိတဲ့အချိန်မှာ ဘ၀ကူးကောင်းအောင်အတွက် အကြွေးမရှိအောင် နိုင်ငံတော်ကို လုပ်ကျွေးပြုစုပါတော့မည်။ နိုင်ငံတော်ကို ကျွန်တော်မဆန့်ကျင်တော့ပါ။ အကြွေးမရှိသော ဦးဝင်းတင် ဘ၀ကူးကောင်းမည်ဟု ယုံကြည်လျက် ကျွန်တော်လည်း ဘ၀ကူးကောင်းမည်ဟု ယုံကြည်သည်။

နိုင်ငံရေးအကျဥ်းသာဟောင်းတစ်ဦး
credit to : zaw oo

No comments: